ကျောက်စိမ်းအကြောင်း
(ကျောက်စိမ်းအကြောင်း သိကောင်းစရာများ-အပိုင်း-1)
တက်သစ်စတွေနားလည်အောင်ပြောရရင် ကျောက်စိမ်းမှာအဓိကမှတ်ထားရမှာက ဒီအရောင်ငါးမျိုးပါပဲ။စျေးကွက်အခေါ်အဝေါ်အရ --၁-အရည်။၂-အသား။၃-black jade။၄-ခွမ်ကြာလုတာမခံ(အဝါအစိမ်းရော)။၅-ခရမ်းသား။ဒီအရောင်ငါးရောင်ကိုယဉ်ပါးသွားပြီဆိုရင် အရောင်တစ်ခုခြင်းစီတိုင်းမှာ ကာလာအလင်းအဖျော့ ကျောက်သားအနုအရင့်ပေါ်မူတည်ပြီး ထောင်သောင်းချီ ၍ ပုံစံမျိုးစုံ ပြန်ကွဲထွက်ပါတယ်။အတိုင်းအတာတစ်ခုထိနားလည်ဖို့ကတော့ အချိန် ငွေ အတွေ့အကြုံများစွာ ပေးရပါလိမ့်မယ်။ ကျောက်စိမ်းပညာကိုအမှန်တစ်ကယ် တတ်ကျွမ်းချင်ရင်တော့ အဓိကလုပ်ရမယ့်အချက်က ရိုးသားပါ- ကျောက်များများကြည့်ပါ -အချိန်ပေး၍တစ်စိုက်မတ်မတ်လုပ်ပါ အဆင်ပြေသွားပါလိမ့်မည်။
(ကျောက်စိမ်းအကြောင်း သိကောင်းစရာများ-အပိုင်း-2)
ကျောက်စျေးကွက်မှာ အဓိကအရောင်းအဝယ်ဖြစ်နေကြတဲ့ အခြေခံ ကျောက်စိမ်းမှော်နာမည်များကို တင်ပြပေးသွားမှာပါ။၁-မှော်စီဇာမှော်။၂-အောင်ဘာလေမှော်။၃-အမဲကြော။၄-ဝေခါမှော်။၅-မနမှော်။၆-တာမခံမှော်။၇-ခန္တီးမှော်။၈-နမ္မချီမှော်တို့ဖြစ်သည်။နံပါတ်(၇)နှင့်နံပါတ်(၈)မှာ ရုတ်တရက်ကြည့်လျှင်အခွံအရောင်တူသလိုထင်ရပေမယ့်လည်းမတူညီပါ။ထွက်ရှိသည့်ဒေသလည်းမတူပါ။ခန္တီးမှော်သည်စစ်ကိုင်းတိုင်းဧရိယာ၌ထွက်ရှိ၍နမ္မချီမှော်သည် မိုးညှင်းမြို့ဧရိယာတွင်ထွက်ရှိသည်။
အထက်ပါအခေါ်အဝေါ်များသည် လက်ရှိစျေးကွက်၌ တွင်ကျယ်စွာသုံးနေသောအခေါ်အဝေါ်များဖြစ်သည်။မှော်နာမည်တစ်ခုချင်း၌လည်းထပ်ဆင့်မှော်များမြောက်များစွာရှိသည် အမည်ကွဲရှိခြင်းကြောင့်အခွံရဲ့အရောင်များလည်းကွဲပြားသွားသည် အဓိကနားလည်ထားရမည့်မှော်နာမည်များကိုသာမှတ်ထားပါ။ကျန်သည့်အမျိုးအမည်များကိုဖြည်းဖြည်းချင်းနားလည်လာပါလိမ့်မည်။
(ကျောက်စိမ်းအကြောင်းသိကောင်းစရာများ-အပိုင်း-3)
----ကျောက်သမားတစ်ယောက်အတွက်မရှိမဖြစ်လိုအပ်သောအဓိကလက်နက်မှာ ကျောက်ကြည့်ဓာတ်မီးဖြစ်သည်။ကျောက်ကြည့်ဓာတ်မီးတွင် အဝါမီးသီးနှင့်အဖြူမီးသီးနှစ်မျိုးလာရှိသည်။အဖြူမီးသီးပါသော ကျောက်ကြည့်ဓာတ်မီးအား တက်သစ်စကျောက်သမားများ မသုံးစွဲသင့်ပါ။ဘာကြောင့်လည်းဆိုရင် အဖြူမီးသီးပါတဲ့ဓာတ်မီးနဲ့ကြည့်ရင် ကျောက်ဟာ အရှိတရားထက်ပိုလှသွားတဲ့အတွက် အဝယ်မှားသွားနိုင်သည့်အပြင်ကျောက်၏သဘာဝအရောင်အဆင်းအတိုင်းလည်းမပေါ်လွင်နိုင်ပါ။မီးသီးအဖြူပါသောဓာတ်မီးအားရေရှည်သုံးစွဲပါက မျက်စိပါဝါထိခိုက်နိုင်သည်။တက်သစ်စကျောက်သမားများအနေဖြင့်မီးဝါပါသောကျောက်ကြည့်ဓာတ်မီးကိုသာ အသုံးပြုပါ။မီးဝါသည် သဘာဝနေရောင်ခြည်၏အလင်းနှင့်နီးစပ်သောကြောင့် ကျောက်စိမ်းကျောက်မြတ်၏သဘာဝအရှိတရားအတိုင်းမြင်တွေ့ရမည်။
---ကျောက်တစ်လုံးကို ဓာတ်မီးဖြင့်ထိုးကြည့်လျှင်•• မီးပြန့်••သွားပါက ကျောက်မျိုး(အသားတန်း)ကောင်းသည် အကယ်၍••မီးဝပ်••နေပါကကျောက်မျိုးမကောင်း(အသားတန်း)ညံသည်--။အခုလိုစသင်ယူ၍ကျောက်ကြည့်များလာလျှင် ဓာတ်မီးထောက်ကြည့်ရင်းဖြစ် မျိုးတန်းသိလာမည် အနာအဆာမြင်လာမည် အနုအရင့်ခွဲခြားတတ်သွားလိမ့်မည်။
••ဝါရင့်ကျောက်သမားများကျောက်ကြည့်ပုံနှင့်တက်သစ်စကျောက်သမားများကျောက်ကြည့်ပုံမတူပေ လူသစ်များသည် ကျောက်ကိုမြင်သည်နှင့်အနီးကပ် စထိုးကြည့်သည် ။ဝါရင့်ကျောက်သမားများကြတော့ ကျောက်ကိုတွေ့သည်နှင့်မျက်စိဖြင့်အရင်ဖတ်သည် ပြီးမှ ဓာတ်မီးကို အနီးကပ်မထိုးပဲအဝေးမှထိုးကြည့်၍မီးခတ်ကြည့်သည် ကျောက်အထိုင် အနာအသွားအလာ ယမ်းဖွဲ့စည်းမှု့အနေအထား မန်းအသွားအလာရှိမရှိ စသဖြင့်သူ့အတွေ့အကြုံရှိသလောက်စိတ်တိုင်းကျကြည့်ပြီးမှ သူ့ရဲ့အကြိုက်ဆုံးတစ်နေရာကိုရွှေးချယ်ပြီး မီးထောက်ကြည့်တတ်ကြပါတယ်••(တက်သစ်စ ကျောက်သမားများအဓိကမှတ်ထားရမှာက မီးဝါပါတဲ့ဓာတ်မီးကိုအသုံးပြုပါ--မီးပြန့်လျှင် အသားကောင်းသည်မျိုးကောင်းသည် မီးမပြန့်လျှင်အသားပိတ်သည် မျိုးညံသည်)•• (မှတ်ချက်)တစ်ချို့ကျောက်မျိုးစိပ်အနည်းငယ်သည် မီးပြန့်ပေမယ့် မျိုးမကောင်းပါ အသားညံတာရှိသလို တစ်ချို့ကျောက်မျိုးစိပ်အနည်းငယ်ဟာလည်း မီးမပြန့်ကျောက်မျိုးညံသည်ဟုထင်ရပေမယ့်လည်း ဖြတ်ကြည့်လျှင် အတွင်း၌မျိုးကောင်းအသားတန်းမြင့်နေတတ်ကြသည်။အဓိကအရာများကိုသာမှတ်ထားကြပါ ကျန်တာတွေက အလုပ်ကသင်ပေးသွားပါလိမ့်မည်။ကျောက်အရိုင်းတုံးကိုကြည့်ပြီဆိုရင်ကျောက်ကိုရေစွတ်ရေဖြန်းပြီးကြည့်ပါ ကျောက်ရဲ့အပြစ်အနာအဆာ အကုန်ပေါ်လာပါမယ်။
Comments
Post a Comment